တရားမ၀င် အလုပ်သမားများကို မှတ်ပုံတင်မည့်အစီအစဉ် ရက်အကန့်အသတ်မရှိ ရွှေ့ဆိုင်း

အင်္ဂါ, 12 ဇူလိုင် 2011

Naura Shadang

ကွာလာလမ်ပူ။ ။မလေးရှားနိုင်ငံမှာ တရားမ၀င် အလုပ်လုပ်ကိုင်နေသည့် နိုင်ငံခြားသား အလုပ်သမားများကို အစိုးရမှ တရားဝင်အလုပ်လုပ်ကိုင်ခွင့်ပြုပြီး အထွေထွေလွတ်ငြိမ်းချမ်းသာခွင့်ပေးမည့် အစီအစဉ်ကို သက်ဆိုင်ရာဌာနများ အဆင်သင့်ဖြစ်သည့်အချိန်ထိ ရက်အကန့်အသန့်မရှိ ရွှေ့ဆိုင်း လိုက်ကြောင်း ပြည်ထဲရေးဝန်ကြီး Datuk Seri Hishammuddin Hussein က ပြောသည်။

“တရားမ၀င် အလုပ်သမားများကို ကွန်ပြူတာစနစ်နှင့် မှတ်ပုံတင်မည့်ကိစ္စကို ကျွန်တော်တို့အနေနဲ့ အချိန်ထပ်ပြီး ရွှေ့ဆိုင်းလိုက်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။

နည်းပညာပိုင်းအခက်အခဲနှင့် နိုင်ငံလုံးခြုံရေးကိစ္စ အတော်များများကို အရင် ကျနော်တို့ ဖြေရှင်းရပါအုံးမယ်။’’ ဟု ယမန်နေ့က သတင်းထောက်များကို ပြောဆိုခဲ့သည်။

ဒီအစီအစဉ်ကို သက်ဆိုင်ရာ ဌာနများအားလုံး အမှားအယွင်းမရှိ လုပ်နိုင်ပြီဆိုတာ သေချာမှ စတင်ကျင်းသုံးသွားမယ်လို့လည်း ပြည်ထဲရေးဝန်ကြီးက ပြောဆိုသွားပါတယ်။

မကြာသေးခင်က ကွန်ပြူတာစနစ်ကို အသုံးပြုပြီး လက်ဗွေဖမ်းယူတဲ့ စနစ်ကို တနိုင်ငံလုံးမှာရှိတဲ့ လူဝင်မှု ကြီးကြပ်ရေးဂိတ် ၆၇ ခုလုံးမှာ အစမ်း စတင်ကျင်းသုံးခဲ့ရာမှာ အနည်းငယ်သော အခက်အခဲများက စနစ်တစ်ခုလုံးကို မှားယွင်းဖျက်စီးသွားစေခဲ့သည့် အဖြစ်အပျက်ကိုလည်း သူက ကိုးကားပြောဆိုသွားပါတယ်။

“မလေးရှား-စင်္ကာပူကြားမှာရှိတဲ့ ဂိတ်ပေါက်နှစ်ခုကလွဲပြီး ကျန်တဲ့နေရာအားလုံးမှာတော့ အဆင်ပြေ ချောမွေ့ခဲ့ပါတယ်။ ဒါပေမယ့် အမှားအယွင်း တစ်ခုနှစ်ခုက စနစ်တစ်ခုလုံးကို ထိခိုက်သွားနိုင်တယ်ဆိုတာကို ကျနော်တို့ သိခဲ့ရပါတယ်။” ဟုပြောဆိုသွားပါသည်။

ဒီအထွေထွေလွတ်ငြိမ်းချမ်းသာခွင့် အစီအစဉ်ကို ဘယ်အချိန်မှ စတင်ကျင်းသုံးမယ်ဆိုတာကိုတော့ သူ့အနေနှင့် ပြောဆိုသွားခြင်း မရှိခဲ့ပါဘူး။

အမှန်မှာတော့ တစ်နိုင်ငံလုံးမှာ ခန့်မှန်းခြေ ဦးရေ နှစ်သန်း ရှိတဲ့ တရားမ၀င်အလုပ်သမားများကို လက်ဗွေဖမ်းယူပြီး ကွန်ပြူတာစနစ်နဲ့ မှတ်ပုံတင်မည့်အစီအစဉ်ကို ယမန်နေ့က စတင်ဖို့ ရည်ရွယ်ခဲ့ခြင်းဖြစ်သည်။

တရားမ၀င်အလုပ်သမားများအနေဖြင့် အထွေထွေလွတ်ငြိမ်းချမ်းသာခွင့် ရပါက တရားဝင် အလုပ်လုပ်ကိုင်ခွင့် ရရှိမည်ဖြစ်ပြီး နိုင်ငံတွင်းမှလည်း ဖမ်းဆီးထောင်ချခံရခြင်းမရှိဘဲ ထွက်ခွာသွားနိုင်မည်ဖြစ်သည်။

The Star, Tuesday 12 July 2011

No comments:

Post a Comment