ကိုယ်ဝန်ဆောင်မိခင်အား ပြုစုစောင့်ရှောက်ခြင်း

ကိုယ်ဝန်ဆောင်မိခင်အား ပြုစုစောင့်ရှောက်ခြင်း

နိုင်ငံတစ်နိုင်ငံ၊ လူမျိုးတစ်မျိုး၏ ဖွံ့ ဖြိုးတိုးတက်မှုတွင် မိခင်များသည် အဓိကအခန်းကဏ္ဍမှ ပါဝင်လေသည်။ နိုင်ငံနှင့် လူမျိုးအတွက် အားထားရသော ပညာတတ်များ၊ ခေါင်းဆောင်ကောင်းများ ပေါ်ထွန်းလာရေးသည်လည်း မိခင်များတွင် အဓိကမှီတည်နေသည်။ မိခင်များ၏ ချစ်ခြင်း၊ စွန့် လွှတ်အနစ်နာခံမှု၊ စွမ်းအားသတ္တိများကြောင့် နိုင်ငံနှင့်လူမျိုးအတွက် အဖိုးမဖြတ်နိုင်သော သားကောင်းရတနာများ ပေါ်ထွက်လာရသည်။ ထို့ ကြောင့် မိခင်များ ပညာဗဟုသုတ ပြည့်ဝရေး၊ ကျန်းမာရေးအတွက် အားလုံးဝိုင်းဝန်းကူညီပေးရန် အထူးပင် လိုအပ်လှသည်။

ကိုယ်ဝန်ဆောင်မိခင်တစ်ဦးအား ပြုစုစောင့်ရှောက်ခြင်းသည် ဆေးပညာရှင်များနှင့် တိုက်ရိုက်ပတ်သတ် နေသော်လည်း ကိုယ်ဝန်ဆောင်မိခင်ကိုယ်တိုင်နှင့် ယင်း၏မိသားစုများ အနေဖြင့်လည်း ဗဟုသုတအဖြစ် သိထားပါက များစွာအကျိုးရှိမည် ဖြစ်သည်။

ကိုယ်ဝန်ဆောင်စောင့်ရှောက်မှုဆိုသည်မှာ ကလေးမွေးဖွားလာသည့်အခါ မိခင်နှင့်ကလေးပါ ကျန်းကျန်းမာမာ ရှိစေရန်အတွက် ကိုယ်ဝန်ဆောင်စဉ် လသားကတည်းက မိခင်နှင့် သန္ဓေသား အား ကျန်းမာရေးစောင့်ရှောက်မှု ပေးခြင်း ဖြစ်သည်။အဓိက ရည်ရွယ်ချက်များမှာ-

(၁) မိခင်လောင်း၏ဖြစ်နိုင်ခြေရှိသည့် ရောဂါအခြေနေများကို စစ်ဆေးပေးခြင်းနှင့် ကုသပေးခြင်း

(၂) သန္ဓေသား၏ဖြစ်နိုင်ခြေရှိသည့်ရောဂါအခြေအနေလက္ခဏာများကို စစ်ဆေးပေးခြင်းနှင့်ကုသမှုပေးခြင်း

(၃) မွေးဖွားလာမည့် သန္ဓေသား၏မွေးရာပါ ချွတ်ယွင်းချက်ရှိမရှိကို စောစီးစွာစစ်ဆေးပေးခြင်း

(၄) မွေးဖွားလာမည့် ရင်သွေးငယ်အား ထိန်သိမ်းစောင့်ရှောက်ပုံကို ပညာပေးဆွေးနွေးခြင်း စသည်တို့ ဖြစ်သည်။

ကိုယ်ဝန်ဆောင်နေပြီဟုသိရှိပါက မွေးဖွားပေးမည့် ဆရာဝန်(သို့မဟုတ်)မိခင်နှင့်ကလေးဌာနမှ ချိန်းဆိုသည့် ရက်ချိန်းအတိုင်း တိကျမှန်ကန်စွာ သွားရောက်ပြသရန်မှာ ကိုယ်ဝန်ဆောင် မိခင်လောင်းများ၏ အရေးကြီးတာဝန်ပင် ဖြစ်သည်။ယခုလက်ရှိဆောင်ရွက်နေသော ချိန်းဆိုမှုများမှာ အောက်ပါအတိုင်းဖြစ်သည်။

(၁) ကိုယ်ဝန်စဆောင်ချိန်မှ ခုနစ်လ(၂၈ ပတ်)အထိ တစ်လ တစ်ကြိမ်။

(၂) ကိုယ်ဝန်ခုနစ်လမှ ကိုးလ(၃၆ ပတ်)အထိ ၂ ပတ် တစ်ကြိမ်။

(၃) ကိုယ်ဝန်ကိုးလမှ မွေးဖွားသည့် အချိန်အထိ တစ်ပတ် တစ်ကြိမ်။

( ယခု မလေးရှားရှိ မိခင်နှင့်ကလေးဌာနများသည် ကိုယ်ဝန်လေးလမှ စတင်ကာ လက်ခံကြည့်ရှုပေးနေပြီ ဖြစ်သည်)

ကိုယ်ဝန်ဆောင်မိခင်၏ ရောဂါရာဇဝင်မေးမြန်းခြင်း(Personal History) နှင့် စမ်းသပ်စစ်ဆေးခြင်း (Examination) များကို ဆရာဝန် (သို့) ကျန်းမာရေးဝန်ထမ်းများက ပြုလုပ်ပါလိမ့်မည်။

(၁) ရာဇဝင်မှတ်တမ်းပြည့်စုံခြင်းသည် အလိုအပ်ဆုံး အရာတစ်ခုဖြစ်သည်။

(၂) မိမိ၏ နောက်ဆုံးရာသီလာသောလ၏ ပထမဆုံးသောရက်(Last Menstrual Period)ကို မှတ်သားထားရန် အရေးကြီးသည်။

(၃) ကိုယ်ဝန်ဆောင်မိခင်၏ ရာဇဝင်ကို ရယူရာတွင် လက်ရှိကိုယ်ဝန်ဆောင်ခြင်းနှင့် ပတ်သတ်သော အချက်အလက်များ သာမက ကိုယ်ဝန်ဆောင်ခဲ့ခြင်းနှင့် ဖြစ်ပေါ်ဖူးခဲ့သော ရောဂါအရှုပ်အထွေးများကိုပါ မှတ်တမ်းပြုစုရသည်။

(၄) ယခင်က ခွဲမွေးခဲ့ခြင်း၊ ခွဲစိတ်ခဲ့ခြင်း၊ ရောဂါဖြစ်ခဲ့ဖူးခြင်းနှင့် ဆိုင်သောရောဂါများကိုလည်း ပြောပြထားရန် လိုအပ်သည်။

(၅) မိသားစုရာဇဝင်၊ လူမှုရေးဆိုင်ရာ ရာဇဝင် မှအစ ပြည့်ပြည့်စုံစုံ မှတ်တမ်းပြုစုရသည်။

(၆) ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးအား ခေါင်းမှခြေဖျားတိုင်အောင် ကျန်းမာရေးဝန်ထမ်းများက စမ်းသပ် စစ်ဆေးမှုပြုလုပ်သည်။

(၇) သန္ဓေသားနှင့်ပတ်သက်၍ ဖွံဖြိုးကြီးထွားမှုနှင့် ကျန်မာရေးအခြေအနေကိုလည်း ကြည့်ရှုစစ်ဆေးသည်။

ထို့ပြင်အောက်ပါ စမ်းသပ် စစ်ဆေးခြင်းများကိုလည်း ပြုလုပ်ရသည်။

(၁)ကိုယ်အလေးချိန်၊ သွေးပေါင်ချိန်ခြင်း

(၂)သွေးစစ်ဆေးခြင်း

သွေး၌ ဟေမိုဂလိုဘင် ပါဝင်မှုပမာဏ။

သွေးနီဥများ၏ ပါဝင်မှု ရာခိုင်နူန်း။

ရောဂါပိုး ရှိမရှိ စစ်ဆေးခြင်း။ (ကာလသားရောဂါ၊ HIV၊ အသည်းရောင်အသားဝါ)

မိခင်၏ သွေးအုပ်စု၊ (ABO၊ Rh သွေးအုပ်စု။)

(၃)ဆီးစစ်ဆေးခြင်း

ဆီး၌ အသားဓာတ်နှင့်အချိုဓာတ်ပါဝင်မှုရှိမရှိစစ်ဆေးပေးခြင်း။

(၄)မေးခိုင်ကာကွယ်ဆေးထိုးခြင်း

ကိုယ်ဝန်သက်တမ်းတလျှောက် နှစ်ကြိမ်ထိုးပေးလေ့ရှိသည်။


ကိုယ်ဝန်ဆောင်စဉ်တွင် အောက်ပါ ဝေဒနာလက္ခဏာများကိုလည်း ခံစားရတတ်သည်။

(၁) အစားအသောက်ပျက်ခြင်း၊ ပျို့ခြင်း

(၂) အန်ခြင်း

(၃) ခါးနာ၊ ခါးကိုက်ခြင်း

(၄) သွေးကြောထုံးခြင်း

(၅) ရင်ပူခြင်း

(၆) တွေ့ရာမြင်ရာကောက်စားချင်ခြင်း

(၇) နွမ်းနယ်ခြင်း

(၈) မိန်းမကိုယ်မှ အဖြူဆင်းခြင်း

ကိုယ်ဝန်ဆောင်မိခင်အတွက် အစာအာဟာရနှင့် နေမှုထိုင်မှုပုံစံသည် အလွန်အရေးကြီးပါသည်။

ကိုယ်ဝန်ဆောင်အတွက် အထူးစားသုံးရန် အာဟာရ ဟူ၍ သီးသန့် မရှိပါ။ပြည့်စုံလုံလောက်သော အစာအာဟာရများကို စားသုံးရန်လိုအပ်သည်။ကိုယ်ဝန်ဆောင် မိခင်အတွက် အာဟာရသည် မိခင်အတွက်သာမက သန္ဓေသားအတွက်ပါ ပြည့်စုံလုံလောက်ရပါမည်။ ကိုယ်ဝန်ဆောင် အမျိုးသမီးများ အစာရှောင်ရန် မလိုအပ်ပါ။ရှေးရိုးအယူအဆ၏လွှမ်းမိုးမှုကြောင့် ကိုယ်ဝန်ဆောင်စဉ် ဟိုအစာမစားရ၊ ဒီအစာနှင့်မတည့် စသည်ဖြင့် တားမြစ်ချက်များစွာ ရှိနေတတ်သည်။ ထို့ ကြောင့် ကိုယ်ဝန်ဆောင်မိခင်များသည် အစားရှောင်ကြသဖြင့် အာဟာရချို့တဲ့မှုများ တွေ့ကြုံကြရသည်။


ကိုယ်ဝန်ဆောင်သည် ပထမလမှသုံးလအတွင်း ကိုယ်အလေးချိန် (၂) ပေါင်၊ သုံးလမှခြောက်လအတွင်း (၁၁) ပေါင်နှင့် ခြောက်လမှကိုးလအတွင်း (၁၁) ပေါင်တိုးလာပါက အာဟာရကောင်းမွန်မှုကို တစိတ်တဒေသ ဖော်ညွှန်းရာ ရောက်ပါသည်။

တကိုယ်ရေသန့် ရှင်းခြင်း၊ အိပ်ရေးဝဝ အိပ်ခြင်း၊ ဆေးလိပ်အရက်နှင့် ဆေးဝါးများရှောင်ခြင်းတို့  ပြုလုပ်ရမည်။ပြင်းပြင်းထန်ထန် မဟုတ်သော ကိုယ်လက်လှုပ်ရှားမှု(လမ်းလျှောက်ခြင်း၊ ရေကူးခြင်း)တို့  ပြုလုပ်နိုင်သည်။ ကိုယ်ဝန်ဆောင်ချိန်တွင် မိသားစုနှင့်ခင်ပွန်းသည်တို့ ၏ အားပေးနှစ်သိမ့်မှု အလွန်လိုအပ်သည်။

ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦး၏ အောက်ဖော်ပြပါ လက္ခဏာတစ်မျိုးမျိုး သို့မဟုတ် တမျိုးထက်ပို ၍ တွေ့ရလျှင် အန္တရာယ်ရှိသည့် နိမိတ်ဖြစ်ကြောင်း သိထားရမည်။ ‘ချက်ချင်း’ဆေးရုံသို့ သွားရောက်ရန်ဖြစ်ပြီးကျွမ်းကျင်သူများ၏ စောင့်ရှောက်ကုသမှုကို မလွဲမသွေ ရယူရမည် ဖြစ်သည်။

(၁) အမျိုးသမီး၏ အင်္ဂါမှသွေးဆင်းခြင်း

(၂) အမျိုးသမီး၏ အင်္ဂါမှ အရည်များဆင်းခြင်း

(၃) မျက်နှာနှင့်လက်ချောင်း၊ခြေချောင်းများ ဖောရောင်ခြင်း

(၄) ပြင်းထန်၍ အချိန်ကြာမြင့်စွာ ခေါင်းကိုက်ခြင်း

(၅) အမြင် မကြည်လင်ခြင်း

(၆) ဗိုက်နာခြင်း

(၇) တုန်ချမ်း၍အဖျားတက်ခြင်း

(၈) ဆီးသွားရာ၌ နာကျင်ခြင်း

(၉) ကလေးမလှုပ်တော့ခြင်း

(၁၀) တက်ခြင်း

အချုပ်အနေဖြင့် မိခင်ရော ကလေးပါ ကျန်းမာပြီး ကောင်းမွန်စွာ မွေးဖွားနိုင်ရန် ကိုယ်ဝန်ဆောင်ချိန် အတွင်း မိခင်အား ဂရုတစိုက် ပြုစုစောင့်ရှောက်ရမည် ဖြစ်သည်။ မိခင်များ ကိုယ်စိတ်နှလုံးကျန်းမာပြီး ပညာဥာဏ်ပြည့်ဝသော၊ မိမိလူမျိုးအတွက် အားထားရသော သားသမီး ရတနာများ ပြုစုပျိုးထောင် နိုင်ကြပါစေ။

ဆုမွန်ကောင်းတောင်းလျက်

Dr.Naw Latt